လာခဲ့ပါလို့လည်း မခေါ်ခဲ့သလို သွားပါတော့လို့လည်း ဘယ်သူ့ကိုမှ မနှင်ပါဘူး....။ ဘဝဆိုတဲ့ခရီးကို သွားနေကြတဲ့ ခရီးသည်ချင်းအတူတူ လမ်းခရီးမှာ ကြုံကြိုက်လို့ ဆုံတွေ့ကြတာတွေပါပဲ....။ အမြင်တူတာတွေ ရှိမယ်..။ ကွဲလွဲတာတွေရှိမယ်..။ စက္ကန့်ဝက်လေးအတွင်းမှာတောင် စိတ်အတွေးတွေက ပြောင်းလဲနိုင်တာ အချိန်ကာလနဲ့ ဆည်းပူးလိုက်တဲ့ပညာကြောင့် ပြောင်းလဲသွားတဲ့ အတွေးအခေါ်တွေ ဆိုတာရှိတတ်တာပါပဲ..။ မတူညီတဲ့ ကွဲပြားမှုတွေကို လက်မခံနိုင်ရင် ကိုယ်ဟာ လူသားဆန်ခြင်းအနုပညာကို တတ်မြောက်သူတစ်ဦး ဘယ်ဖြစ်တော့မလဲ..။ ဥယျာဉ်ထဲမှာ ပန်းတွေအစုံစိုက်ထားမှ ပန်းရောင်စုံတွေပွင့်ပြီး ရနံ့ မျိုးစုံ သင်းပျံ့နေတော့မှာပေါ့..။ ကိုယ်မကြိုက်တဲ့ ကော်ဖီ လက်ဖက်ရည်ကို တမ်းတမ်းစွဲ ကြိုက်တဲ့သူတွေ ဒီကမ္ဘာမှာ အများကြီးပါပဲ..။ အဲ.. တခြားသူ မကြိုက်တဲ့ ဂျင်းသုပ်ကို ကိုယ်က မက်မက်မောမော နှစ်ခြိုက်မိနေပြန်ရော..။ နာနတ်သီးကြိုက်တဲ့သူက နာနာတ်သီးစားမှာပဲ..။ ဖရဲသီးကြိုက်တဲ့သူကလည်း ဖရဲသီးစားကို စားမှာပဲ..။ ကိုယ်ကတော့ မယ်လွန်ကြိုက်တော့ မယ်လွန်စားမှာပေါ့.........။
တစ်ကယ်တော့ ဘဝခရီးမှာ ခဏလေးတွေ့ကြတာပါ..။ သူလည်း သူ့ခရီးသူသွား၊ ကိုယ်လည်း ကိုယ့်ခရီးကိုယ်သွားကြတာပါ..။ တွေ့တဲ့အချိန်ခဏလေးကို နောင်တစ်ချိန်မှာ ပြန်လိုချင်ပါတယ်ဆိုရင်တောင် ဖြစ်နိုင်မှာ မဟုတ်ပါဘူး..။ လူဆိုတာကလည်း ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတာပါ..။ အလယ်တန်းကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်ကို ခုနေ ပြန်တွေ့ချင်ပါတယ်ဆိုရင်တောင် မဖြစ်နိုင်ပါဘူး..။ ဒါကြောင့် စဉ်းစားမိတယ်..။ ဘာလို့များတွေ့တဲ့အခိုက်အတန့် ခဏလေးမှာ ကိုယ့်သဘောကိုယ်ဆောင်၊ သူ့သဘောသူဆောင်တဲ့ အရာတွေကို ရောထွေးပစ်ကြတာပါလိမ့်လို့ တွေးမိတယ်..။ ကိုယ့်သဘောကိုယ်ဆောင်ပြီး ကိုယ့်ဘဝနဲ့ကိုယ်နေတာမှာ သူ့သဘောသူဆောင်တဲ့ သူ့ဘဝနဲ့သူ နေသူကို ကိုယ်နဲ့ မတူရကောင်းလားလို့ စိတ်ဆိုးစရာ လိုအပ်ပါသလားလို့လည်း တွေးမိပြန်တယ်..။ တွေ့ဆုံချိန်က ခဏလေးပါ..။ အဲ့ဒီ တွေ့တဲ့အခိုက်ကလေးမှာ တစ်ယောက်နဲ့ တစ်ယောက် ဂရုတစိုက်ရှိမယ်၊ ကြင်နာမယ် ၊ မေတ္တာစကားတွေပဲပြောမယ်ဆိုရင် မတွေ့တော့တဲ့အခါ ပြန်မဆုံဖြစ်ကြတဲ့အခါ တွေ့ဆုံခိုက်လေးမှာ ကိုယ့်မိတ်ဆွေအပေါ် မကြင်နာခဲ့မိတာကို နောင်တရစရာ မရှိတော့ဘူးပေါ့..။ ဆုံခိုက်မှာ ကိုယ့်ဘက်က မိတ်ဆွေကောင်းအနေနဲ့ ကိုယ်ရှိခဲ့တာတွေအတွက် ကိုယ့်ဘာသာကိုယ် ကျေနပ်မိမှာပါ.........။
တကယ်တော့ လူတွေအားလုံးဟာ အတူတူပါပဲ..။ ဆေးပညာအရဆို လူတွေအားလုံး အရေပြားအောက်က ဖွဲ့စည်းပုံတွေ အားလုံးတူတူပါပဲ..။ နေရာဒေသကိုလိုက်ပြီး အသားအရောင်ကွဲပြားမှု့တွေဖြစ်လာတယ်..။ ကိုးကွယ်တဲ့ဘာသာ ကွဲပြားသွားတာတွေ ဖြစ်လာတယ်..။ anatomy အရ ယောက်ျားဆိုလည်း ယောက်ျား ၊ မိန်းမဆိုလည်း မိန်းမ အတူတူဆိုပေမယ့် နေရာဒေသ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ ဆည်းပူးလေ့လာတဲ့ ပညာရပ်တွေအပေါ်မူတည်ပြီး စိတ်နေစိတ်ထား၊ ခံယူချက်သဘောထားနဲ့ ကိုးကွယ်တဲ့ဘာသာတွေ မတူညီကြတော့တာပါ..။ ကိုးကွယ်သည့်ဘာသာ၊ အတွေးအခေါ်ဆိုတာတွေ၊ ပစ္စည်းဥစ္စာ၊ တတ်မြောက်တဲ့ ပညာရပ်ဆိုတာတွေက လုပ်ယူထားရတာတွေပါ..။ ဘာ့ကြောင့် လူတွေ အချင်းချင်း ခွဲခြားချင်ကြသလဲဆိုတာ တွေးမရပြန်ဘူး...........။
မွေးဖွားချိန်ကနေ သေဆုံးချိန်အထိ လူတွေဟာ ကိုယ့်အလုပ်တွေနဲ့ ကိုယ်ရှုပ်နေကြတော့ အချိန်တွေက ခဏလေးနဲ့ ကုန် ကုန်သွားတာပါ..။ အခိုက်အတန့် ခဏလေးမှာ ဘာဖြစ်လို့များ ကိုယ်နဲသူနဲ့ ခွဲခြားပြီးတော့ မုန်းစတွေကို ရှည်ချင်နေမလဲနော်..။ မခွဲခွာမီလေးမှာ အားလုံး ပျော်ပျော်ပါးပါးရှိနေမယ်ဆိုရင် မိတ်ဆွေတစ်ဦးချင်းစီမှာ ပျော်စရာနေ့တွေ တစ်နေ့ပြီး တစ်နေ့ ရနေမှာပဲပေါ့..။
ဒါကြောင့် မိသားစု အချင်းချင်းကြားမှာ၊ သူငယ်ချင်းတွေကြားမှာ၊ မောင်နှမတွေကြားမှာ၊ လင်မယားနှစ်ယောက်အကြားမှာ၊ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြားမှာ နားလည်ပေးမှု့၊ စာနာပေးမှု့ တွေရှိနေဖို့ လိုမယ်ထင်ပါတယ်..။ လူတစ်ယောက်နဲ့ တစ်ယောက်အကြားမှာ နားလည်ပေးမှု့၊ စာနာပေးမှု့ သာရှိနေသေးရင် အချစ်ဆိုတာပြန်ဖြစ်နိုင်တယ်..။ သံယောဇဉ်ဆိုတာ ပြန်ဖြစ်နိုင်တယ်..။ မေတ္တာတရား၊ ကရုဏာတရားတွေ ပြန်ဖြစ်နိုင်တယ်..။ နားလည်ပေးမှု့၊ စာနာပေးမှု့ ဆိုတဲ့အရာတွေကို မထားနိုင်ရင် အချစ်တွေ၊ မေတ္တာတရားတွေ၊ သံယောဇဉ်တွေ၊ ကရုဏာတရားတွေ ပြန်ဖြစ်ဖို့မလွယ်တော့ပါဘူး..။ လူမှု့ဆက်ဆံရေးရဲ့ ပျော်စရာကောင်းတဲ့ သဘာဝကို ခံစားနားလည်နိုင်တော့မှာ မဟုတ်ပါဘူး..။ လူ့ဘဝရဲ့ အနှစ်သာရလည်း ပျက်စီးသွားတော့မှာပါပဲ..။
ကိုယ့်ကို နားလည်ပေးတဲ့၊ စာနာပေးတဲ့ ချစ်သူနဲ့သာ အတူနေခွင့်ရရင် အချစ်ဆိုတာ ပျော်စရာပဲလို့ ခံစားမိမှာပါ..။ မိဘအပေါ်မှာ နားလည်ပေးနိုင်တဲ့ သားသမီးတွေကို ပိုင်ဆိုင်ခွင့်ရတဲ့ မိဘဟာလည်း ပျော်ရွှင်ကြည်နူးနေမှာဖြစ်သလို နားလည်ပေးတတ်တဲ့၊ စာနာပေးတတ်တဲ့ မိဘတွေရဲ့ သားသမီးဖြစ်ခွင့်ရ ရင်လည်း ပျော်စရာပါပဲနော်..။ အပြန်အလှန် နားလည်ပေးတဲ့၊ စာနာပေးတဲ့ လူ့အဖွဲ့အစည်းတွေသာ ကျွန်မတို့ဝန်းကျင်မှာရှိခဲ့ရင် ကျွန်မတို့ လူ့ဘောင်လောကကြီးဟာ ဒီထက်ပိုပြီးသာယာလာပါမယ်..။ ငြိမ်းချမ်းလာပါမယ်..။ တိုးတက်လာပါမယ်..။ ပျော်စရာလည်းကောင်းလာပါမယ်..။ ဒါကြောင့် ဘယ်နေရာမှာမဆို နားလည် စာနာပေးမှု့တွေ အပြန်အလှန်ရှိကြမယ်ဆိုရင် လောကကြီးဟာ ငြိမ်းချမ်းနေမှာပါ..........။
မေတ္တာဆိုတာ ဘ၀ရဲ့ အကောင်းဆုံး မြေသြဇာပါ.....။ တစ်ခွန်းတည်းသော စကားပဲဖြစ်ဖြစ် အကြင်နာ မေတ္တာတွေပါရင် ညိုးနွမ်းနေတဲ့ဘ၀ကိုတောင် ရှင်သန်စေပါတယ်.........။
p.s
*******************************************************
အားငယ်သူကို အားပေးပါ
ဆာလောင်မွတ်သိပ်နေသူကို ကိုယ့်ထဲက မျှဝေပေးပါ
ဒုက္ခတွေ့နေသူကို ကူညီပါ
လဲနေသူကို ထူပေးပါ
ကိုယ်ရော စိတ်ပါ လဲနေသူကို တတ်စွမ်းသမျှ ထူပေးပါ...............။
*******************************************************
..............♣ လူသားအချင်းချင်း နားလည် စာနာမှု့တွေ ထားနိုင်ကြပါစေ ♣...............
No comments:
Post a Comment