အပင်တိုင်းမှာ အမြစ်ရှိတယ်
လူတိုင်းမှာလည်း အချစ်ရှိတယ်
အပင်မြင့်တိုင်းမှာ အဖျားရှိတယ်
ရေနက်တိုင်းမှာလည်း ကြမ်းရှိတယ်
အကောင်းတွေရဲ့ နောက်ကွယ်မှာ အဆိုးရှိတယ်
အဆိုးတွေရဲ့နောက်ကွယ်မှာ အကောင်းရှိတယ်
အမှားရှိသလို အမှန်ရှိတယ်
လူလိမ္မာတွေ ခိုးခိုးပြီး မိုက်သလို
လူမိုက်တွေလည်း တိုးတိုးလေး လိမ္မာကြတယ်
နိုးတစ်ဝက်ညတွေနဲ့ မိုးသာအကြိမ်ကြိမ်လင်းသွားခဲ့
မဖြေရှင်းနိုင်တဲ့ ပုစ္ဆာအထပ်ထပ်နဲ့မို့
ကိုယ့်ရင်ခုန်သံ ပြန်စမ်းစစ်ကြည့်တော့လည်း
ကိုယ်ကိုယ်တိုင်တောင် နားမလည် မရေရာတဲ့ သံယောဇဉ်
ဒီနေ့လည်း မင်းကို လွမ်းတယ်ပေါ့..။
သိခွင့်ရခဲ့တာက မင်းရင်ထဲမှာ ကိန်းဂဏန်းတွေပဲ ရှိတယ်ဆိုတာကိုလေ
သစ်ပုတ်ပင်ကြီး ခြောက်သွားတာ သင်္ချာမပိုင်ခဲ့လို့ပဲလား
ကိုယ်တောင် အတွေးတွေမှားနေသလို
မင်းယုံကြည်တဲ့ ချစ်ခြင်းက ငွေနဲ့ ဂုဏ် ပကာသနရဲ့ ရနံ့မကင်းမှတော့
ငါချက်ချင်းလှည့်ထွက်ခဲ့တယ်
တစ်နေ့နေ့ သစ္စာတရားက ဒဏ်ခတ်တဲ့ပွဲကိုတော့
ငါမကြည့်ရဲလို့ မင်းအနားမှာ ငါမနေရဲတော့ပါဘူး
နင်ဈေးကွက်ချဲ့နေတဲ့ နှလုံးသားအရောင်းအ၀ယ်ပွဲကြီးမှာ
ငါ့နှလုံးသားကို ရောင်းတမ်းမသွင်းနိုင်လို့ပါ
အပြုံးတစ်ချက်နဲ့
အရိုးသားဆုံး အလှပဆုံး ငါနှုတ်ဆက်မယ်
နင့်ကိုငါ မမုန်းပါဘူး
တကယ်တော့ နိမ့်လိုက်မြင့်လိုက် ရှုံးလိုက်နိုင်လိုက်
အောက်ကလူ အထက်တက်
အထက်ကလူ အောက်ပြန်ဆင်း
စုန်ချည်ဆန်ချည်နဲ့ မဆုံးနိုင်တဲ့ သံသရာထဲမှာ
ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်တိုင်း လူတော့မဟုတ်ဘူး
လူဆိုတာ အသိဥာဏ်ရှိရမယ်
ဂရုဏာစိတ် သနားကြင်နာစိတ် ကိုယ်ချင်းစာစိတ်လည်း ရှိရတယ်အမှန်ကိုလည်း မြင်တတ်ရတယ်လေမသေခင်တော့ ချစ်လိုက်ကြတာ
သေတော့ သူ့ဘေး ဘယ်သူကပ်ချင်ကြသေးလဲ
အပုတ်ကောင် အရုပ်ဆောင်ထားတဲ့ ဒီခန္တာကို
စွဲလမ်းမှု့နည်းအောင် ကြိုးစားထားပါလေ
ကောင်းကင်နဲ့ မြေကြီးကြားက ဘ၀အရာရာဟူသမျှသည် ပုံသေမရှိပါ
သို့သော်လည်း သုည (၀) လေးလည်း မဖြစ်ရပြန်ဘူး
လမ်းမှန်လည်းရှိတယ် လမ်းဆုံးလည်းရှိတယ် ပန်းတိုင်လည်းရှိတယ်
ကဲ... မင်းဘာလုပ်မှာလဲ ပြော...
သံသရာရဟတ်ကြီးထဲမှာ
ကမ္ဘာ့လဆန်းတစ်ရက်နေ့ကတည်းက
ကိုယ်လည်းချာချာလည်ခဲ့တာ အခုချိန်ထိပဲဆိုပါတော့ရာသီစက်ဝိုင်း တစ်ပတ်လည်တဲ့အခါ
မိုးရယ် ဆောင်းရယ် ပူပြင်းချောက်သွေ့လွန်းတဲ့ နွေရယ် ဖြစ်လာတယ်
မိုးမြင့်ထက်မှာ နက္ခတ်ပွဲသဘင် ကျင်းပတဲ့အခါ
လင်းလာတဲ့ ကြယ်လေးတွေရယ် မှိန်သွားတဲ့ကြယ်လေးတွေရယ်
ကွယ်သွားတဲ့ လမင်းရယ် ပြယ်သွားတဲ့ရနံ့ရယ်
အချိန်မပေးနိုင်တဲ့ ငါ့ချစ်သူရယ်
အပြစ်ယူလို့မှ မရတာ ဒါသဘာဝပါ
♣ တစ်ခါတစ်ရံ ဇာတ်ကွက်မပါသောချစ်ခြင်း၌ အလွမ်းများ ရှိနေတတ်သည် မဟုတ်ပါလော ♣